လောက ကြီးမှာ သင့်ကို

အချိန်ပေးပါ။ Take Time”

ကိုခမ်းမောင်ဆိုတဲ့အကိုတစ်ယောက်က ပိုစ်တင်တာကိုသဘောကျလို့ ရှယ်လိုက်တာပါ

တစ်ခုသောညနေခင်းမှာ အမျိုးသားတစ်ဦးဟာ အလုပ်ကနောက်ကျပြီး အိမ်ကို ပင်ပင်ပန်းပန်းနဲ့ မကျေမချမ်း ပြန်လာတဲ့အခါ အိမ်တံခါးဝမှာ သူ့ရဲ့၅နှစ်အရွယ်သားငယ်လေးက သူ့အိမ်အပြန်စောင့်နေတာကို တွေ့လိုက်ရပါတယ်။

သားငယ်က သူ့အဖေကို “ဖေဖေ ဖေဖေ့ကိုသားတစ်ခုလောက်မေးလို့ ရမလားဟင်”
“သြော်ဒါလား ရတာပေါ့သားရယ်” လို့အဖေကပြန်ဖြေတော့ သားက “ဖေဖေ တစ်နာရီအလုပ်လုပ်ရင် ပိုက်ဆံဘယ်လောက်ရလဲဟင်” “ဒါမင်းအလုပ်မဟုတ်ပါဘူး၊ ဘာလို့မဆိုင်တာတွေလျောက်မေးနေတာလဲ” လို့အဖေက
စိတ်ဆိုးမာန်ဆိုးနဲ့ဆူလိုက်တာပေါ့ အဲဒီမှာ ကလေးက အသံတိုးတိုးလေးနဲ့ “သားသိချင်လို့ပါဖေဖေ၊ သားကိုပြောပြပေးပါလားလို့” တိုးလျိုးတောင်းပန်ပြီးထပ်မေးပါတယ်။ အဲဒီတော့အဖေက “သားသိချင်ရင်လဲပြောပြမယ်လေ အဖေတစ်နာရီလုပ်ခ
ပိုက်ဆံ၂၀ရတယ်သား” လို့ဖြေလိုက်တော့ ကလေးငယ်က “အိုးးး” လို့ အာမေဋိတ်ရေရွတ်ပြီး စိတ်ပျက်လက်ပျက်နဲ့ခေါင်းငိုက်စိုက်ကျသွားတော့တယ်။ ခဏနေတော့ခေါင်းပြန်မော့ပြီး “ဖေဖေ သားကို ပိုက်ဆံ၁၀ လောက်ချေးပါလားဟင်”
လို့အဖေ့ကိုပြောတော့ အဖေက စိတ်ပေါက်ပေါက်နဲ့ “အေး မင်းပိုက်ဆံလိုချင်တာက မင်းအတွက်ေ-ာက်သုံးမကျတဲ့ အရုပ်တွေနဲ့ အရည်မရအဖတ်မရဟာတွေ ၀ယ်ဖို့မလား သွား အခုချက်ချင်းအခန်းထဲဝင်ပြီးအိပ်တော့၊ မင်းဘာလို့ဒီလိုတစ်ကိုယ်ကောင်းဆန်ပြီးအလိုက်မသိရတဲ့ ကြောင်းကိုပြန်စဉ်းစား၊ ဒီလိုကလေးကလားဆန်တဲ့ကောင်အတွက် ငါကနေ့တိုင်းပင်ပင်ပန်းပန်း လုပ်ကိုင်ရှာဖွေနေရတယ်” လို့ဆူလွှတ်လိုက်ပါတယ်။

ကလေးကတော့ဘာမှဆက်မပြောတော့ပဲ သူ့အိပ်ခန်းလေးထဲကိုဝင်ပြီးတံခါးပိတ်လိုက်ပါတယ်။

လူကြီးက ကုလားထိုင်မှာထိုင်လိုက်ပြီး သူ့သားရဲ့တောင်းဆိုတာကိုစဉ်းစားလိုက်တိုင်း “ဒီကောင်လေး ငွေ၁၀ လိုချင်တာနဲ့ပဲ ဘာလို့ငါ့ကိုဘာတွေလျောက်မေးနေတာလဲမသိဘူး” ဆိုပြီးတွေးရင်း
ပိုပိုပြီး စိတ်ဆိုးလာပါတယ်။ တစ်နာရီလောက်ကြာတော့ လူကြီးဟာ သွေးအေးလာတော့ “သားလေးက ငွေတစ်ဆယ်တောင်းတယ်ဆိုတာတစ်ခုခုအသုံးလိုလို့တောင်းတာဖြစ်မယ် ခါတိုင်းတော့တောင်းလေ့ တောင်းထမရှိပါဘူး” တွေးမိတယ်။ အဲဒါနဲ့ပဲလူကြီးက သူ့သားလေးအခန်းကိုသွားပြီး တံခါးကိုဖွင့်ဝင်ပြီးတော့

“လူလေး အိပ်နေပြီလား” လို့မေးတော့ သားငယ်က “သားမအိပ်သေးပါဘူးဖေဖေ”လို့ပြန်ဖြေပါတယ်။ လူကြီးက “အဖေပြန်တွေးကြည့်တော့ သားကိုအဖေဆူတာတော်တော်ကြမ်းသွားသလားလို့သားရယ်၊ အဖေကတစ်နေ့ကုန်အလုပ်ထဲမှာစိတ်ရှုပ်ခဲ့တော့ အဖေ့ဒေါသတွေသားပေါ်ပုံချခဲ့မိတယ်သား၊ ဟောဒီမှာသားတောင်းတဲ့ပိုက်ဆံ၁၀ဒီမှာယူ” လို့ပြောတော့ ကလေးကပြုံးပြီးထထိုင်လို့ အားရ၀မ်းသာစွာနဲ့ “ဟေးးးးးး ကျေးဇူးပဲနော်ဖေဖေ”
လို့အော်ပြီးထခုန်လိုက်တယ်။ ပြီးတော့ကလေးငယ်က သူ့ခေါင်းအုံးအောက်ထဲ လက်နှိုက်ပြီးတော့ တွန့်ကြေနေတဲ့ငွေစက္ကူအကြွေရောရာလေး တွေကိုထုတ်ယူလိုက်တာတွေ့တော့ လူကြီးက သူ့သားကငွေရှိရဲ့သားနဲ့ ဘာလို့ထပ်တောင်းရတာလဲ
လို့စဉ်းစားပြီးဒေါသထွက်လာပါတယ်။ ကလေးငယ်ကတော့သတိမထားမိပဲသူ့ရဲ့ငွေလေးတွေကို ဖြေးဖြေးချင်း တစ်ရွက်ချင်းရေတွက်နေပြီးနောက် သူ့အဖေကိုခေါင်းမော့ပြီးကြည့်လိုက်တဲ့အချိန်မှာ သူ့အဖေက

“သားဆီမှာ ပိုက်ဆံရှိရဲ့သားနဲ့ဘာလို အဖေ့ဆီကထပ်တောင်းရတာလဲ” လို့မေးတော့ သားက “သားမှာရှိတဲ့ပိုက်ဆံနဲ့ မလောက်လို့ပါဖေဖေ အခုမှပဲပြည့်တော့တယ်” လို့ပြန်ဖြေပြီးတစ်ဆက်တည်း “သားမှာအခု ပိုက်ဆံနှစ်ဆယ်ရှိပြီ၊ သား
ဖေဖေ့ရဲ့အချိန်တစ်နာရီကိုဝယ်လို့ရမလားဟင်၊ မနက်ဖြန်အိမ်ကိုစောစောပြန်လာပေးပါနော်၊ သားဖေဖေနဲ့ညစာအတူစားချင်လို့ပါ” သူ့အဖေကိုပြောလိုက်ပါတယ်။

ဒီဇာတ်လမ်းလေးကို သင့်ရဲ့ရင်းနှီးတဲ့မိတ်ဆွေတွေကိုဝေမျှပေးပါ။ ဒါပေမယ့် အဲဒါထက်ပိုကောင်းတာက အချိန် ငွေ၂၀ဖိုး ကိုသင့်ရဲ့ ချစ်ခင်ရတဲ့သူနဲ့အတူရှိနေပေးခြင်းပါပဲ။ ဒီဇာတ်လမ်းလေးက အလုပ်ကိုအားကြိုးမာန်တက်လုပ်ဆောင်နေတဲ့သင်တို့အတွက် သတိပေးခြင်းလေးပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့အချိန်တွေရဲ့ အများစုကို မိမိချစ်ခင်မြတ်နိုးတန်ဖိုးထားရတဲ့သူတွေကို မပေးမိပဲ ကုန်ဆုံးသွားရတာမျိုး မဖြစ်စေသင့်ပါဘူး။ အကယ်၍ မနက်ဖြန်မှာ သင်သေဆုံးသွားရင် သင့်ရဲ့ ကုမ္ပဏီ/လုပ်ငန်းက သင့်နေရာမှာ အခြားသူတစ်ယောက်ကို ရက်ပိုင်းအတွင်းပြန်လည် အစားထိုးလိုက်နိုင်ပေမယ့် သင့်ရဲ့မိသားစု သင့်မိတ်ဆွေသူငယ်ချင်းများကတော့ သူတို့ရဲ့တစ်သက်တာလုံးသင့်ကိုအစားထိုးနိုင်မှာ မဟုတ်ပါဘူး။ သင်အခုပြန်စဉ်းစားလိုက်ပါ သင့်ရဲ့အချိန်တွေခွန်အားတွေအများစုကို မိမိ မိသားစုထက် အလုပ်ထဲမှာအသုံးပြုလိုက်တာဟာ တစ်ကယ်တော့ အမျှော်အမြင်ရှိတဲ့ရင်းနှီးမြှုပ်နှံမှု မဟုတ်တာကိုတွေ့ရပါလိမ့်မယ်။