စကားပြောဟန် အမျိုးမျိုး

လူမှုဆက်ဆံရေးနယ်ပယ်တွင် အချို့သော ချမ်းသာသူ ၊ အောင်မြင်သူ ၊ ကျော်ကြားသူတို့ကို လေ့လာကြည့်ပါက သူတို့တွင် တမင်တကာ ဖန်တီးထားခြင်း မဟုတ်တဲ့ အများစိတ်ဝင်စားလောက်တဲ့ ကိုယ်ပိုင် စကားပြောဟန် ၊ ဆိုဟန်တွေကို အတိုင်းသားတွေ့ရှိရပါသည်။ သူတစ်ပါး ဟန်ပန်အတိုင်း လိုက်လုပ်ကြတဲ့အခါ မိမိပင်ကိုယ် သဘာဝအတိုင်း လွတ်လွတ်လပ်လပ် ပြောဆိုနေသကဲ့သို့ ဌာန်ကရိုဏ်း မကျဘဲရှိတတ်ပါသည်။ အကောင်းဆုံး လုပ်ဆောင်ရန် နည်းလမ်းမှာ အောက်ဖော်ပြပါ စကားပြောဟန်များထဲမှ မိမိ သဘာဝအတိုင်း ပြောဆိုဟန်သည် မည်သည့် အချက်တွင် အကျုံးဝင်သည်ကို အကဲခတ် မှန်းဆပါ။ ချွတ်ယွင်းချက်များကို ပြုပြင်ပေးပါက မိမိသဘာဝ ပြောဆိုဟန်တစ်ခု အသားကျလာပြီး သူတစ်ပါးအား ဆွဲဆောင်နိုင်သော စကားပြောကောင်းသူ တစ်ယောက်ဖြစ်လာပါလိမ့်မည် ဖြစ်ပါသည်။


၁။ ဗလစ်ဗလစ် ပြောဟန် ( တတွတ်တွတ် ပြောဆိုဟန် )
နှုတ်လျှာအလွန်သွက်သူ ၊ စကားကို တရစပ်မရပ်မနား ပြောတတ်သူမျိုး၏ ပြောဆိုဟန် ဖြစ်သည်။ သို့သော် သူ၏အရည်အချင်းက အာသွက်ခြင်းသာဖြစ်ပြီး ထူးထူးခြားခြား မှတ်သားစရာ မပါ ၊ စိတ်ကူးစိတ်သန်းလည်း ဆန်းသစ်မှုမရှိ ဖြစ်တတ်သည်။
ဗလစ်ဗလစ်သမားများသည် များသောအားဖြင့် မွေးရာပါ စကားများသူ (စကားသွက်သူ) များဖြစ်ကြသည်။ သူတို့သည် သာမန် ထမင်းစားရေသောက် စကား ၊ အလ္လာပ သလ္လာပ စကားများကို ရေပက်မဝင်အောင် ပြောဆိုလေ့ ရှိကြ၏။ အကြောင်းအရာ တစ်ခုခုကို ခေါင်းစဉ်တပ်ပေးပြီး ပြောခိုင်းရင်လည်း အချိန်မဆိုင်းဘဲ ကောက်ကာငင်ကာ ပြောနိုင်ကြသည်။
စင်စစ် အချို့လူများမှာ စကားသွက်ခြင်း သက်သက်ဖြင့်ပင် ရပ်ရွာလူကြီးသော်လည်းကောင်း၊ လုပ်ငန်းအသင်းအဖွဲ့ ခေါင်းဆောင်သော်လည်းကောင်း၊ အလယ်အလတ်တန်းစား နိုင်ငံရေးခေါင်းဆောင် တစ်ယောက်သော်လည်းကောင်း ဖြစ်လာတတ်ကြသည်။
အရပ်ထဲရှိ သာမန်စကားဝိုင်းများတွင်မူ ဗလစ်ဗလစ်သမား တို့ကို ဦးဆောင်ဆွေးနွေးသူအဖြစ် တွေ့ရတတ်သည်။ စင်စစ် ၄င်းတို့ဟာ လျှာကျွမ်းကျင်မှု အခြေခံရှိပြီးဖြစ်ရာ ယင်းအခြေခံကို ဦးနှောက်အရည်အသွေး ထပ်ပေါင်းစပ်ပေးနိုင်ပါက စကားပြောသွက်သလောက် အချက်အလက် ခိုင်မာသည့် စကားပြောသမားကောင်း တစ်ယောက် ဖြစ်လာနိုင်ပေသည်။


၂။ တုံ့ဆိုင်း တုံ့ဆိုင်း ပြောဟန်
စကားပြောနည်း ဟောနည်းများကို လေ့လာခြင်း၊ စနစ်တကျ လေ့ကျင့်ခြင်းမရှိဘဲ စင်ပေါ်တက်ကြသည့် ဟောစ၊ ပြောစ လူတချို့၏ ဟန်ပုံစံမျိုး ဖြစ်သည်။
``ဟုတ်ကဲ့ ၊ အင်း … အဲ … ဟိုဒင်း …. အာ`` စသည်ဖြင့် စကားတစ်ခွန်း ပြောမည့်အရေး လမ်းတွင် လေး၊ ငါးကြိမ်လောက် ရပ်နားကာ စကားလုံးတွေ ဖမ်းဆုပ်မမိသလို စမ်းတဝါးဝါး ဖြစ်နေတတ်သည်။ စကား ပြောဟန်ဆိုဟန်များ အားလုံးထဲတွင် အညံ့ဆုံး၊ အချွတ်ယွင်းဆုံး ပြောဟန်မျိုး ဖြစ်သည်။
စာကို အသံထွက်ဖတ်သည့် လေ့ကျင့်ခန်းများ၊ ဝါကျတိုတိုပြတ်ပြတ်များဖြင့် ခပ်သွက်သွက်ပြောသည့် လေ့ကျင့်ခန်းများကို စွဲစွဲမြဲမြဲ အချိန်ယူပြုလုပ်ပေးမှသာ စကားကို သွက်လက်ချက်ချာစွာ ပြောဆိုတတ်လာမည် ဖြစ်ပါသည်။


၃။ လေကြီိးမိုးကြီး သို့မဟုတ် ဘာမထီ ပြောဟန်
စကားပြောသူ၏ ဟိတ်ဟန်ကြီးမားပုံ ပေါ်လွင်သည့် စကားပြောဟန်မျိုး ဖြစ်သည်။ စကားလုံးကြီးကြီး သုံးသည်။ ကြိမ်းလားမောင်းလား လုပ်ပြီး လက်သီးလက်မောင်း တန်းသည်။ ကျွန်တော်ဟုမပြော “ ကျုပ် ’’ ဟုသုံးသည်။ စကားပြောရင်း မိမိကိုယ်ကို အထင်ကြီးလွန်းသည့် ဟန်ကို တစ်ခါတစ်ရံ အထင်အရှား မြင်ရတတ်သည်။
သို့သော် သည်ပြောဟန်တွင်လည်း ထိရောက်မှုများစွာ ရှိပါသည်။ သည်ပုံစံမျိုး စကားပြောရင်း အသင်းအပင်း အစည်းအရုံးများတွင် ခေါင်းဆောင်ဖြစ်လာသူတွေ ရှိသည်။ အချို့ဆိုလျှင် နိုင်ငံ အကြီးအကဲများပင် ဖြစ်သွားကြသည်။
လက်သီးလက်မောင်းတန်းကာ ကြိမ်းလားမောင်းလား လုပ်ခြင်းကို ရဲဝင့်ခြင်း၊ စိတ်ဓာတ် ထက်သန်ခြင်း၊ ယောင်္ကျားပီသခြင်းဟု အများက ယူဆလေ့ရှိကြသည်။ လူထုခေါင်းဆောင်တို့၏ အင်္ဂါရပ်ဟုလည်း အချို့က မှတ်ယူကြသည်။
ဤပုံစံမျိုးဖြင့် စကားပြောဆိုသူတို့မှာ မိမိကိုယ်ကို အထင်ကြီးလွန်းကြောင်း ပြသရာရောက်သည့် စကားလုံး အသုံးအနှုံးနှင့် ဟန်ပန်တချို့ကို ထိန်းသိမ်းလျှော့ချပေးနိုင်ပါက အများ၏ လေးစားမှုကို ခံရပြီး သြဇာလွှမ်းမိုးနိုင်သော စကားပြောသမားကောင်းများ ဖြစ်လာနိုင်ပါသည်။

၎။ လေးလေးနက်နက် တွေးတွေးဆဆ ပြောဆိုသည့်ဟန်
လေးနက်သော၊ ကြီးကျယ် ခမ်းနားသော ပြောဆိုဟန်မျိုး ဖြစ်ပါသည်။ လူသုံးနည်းသည့် ရှည်လျားသော ဝါကျများ သုံးလေ့ရှိသည်။ ဟာသများ ပုံတိုပတ်စများ ပါလေ့မရှိ။
ဤပြောဟန်မှာ အသက်အရွယ်ကြီးရင့်၍ အတွေ့အကြုံ အတွေးအမြင်ရင့်သန်သည့် လူကြီးများအဖို့မူ သဘာဝကျသော စကားပြောဟန်မျိုး ဖြစ်သည်။ ပြောသူ၏ တည်ကြည်လေးနက်မှု၊ အကြောင်းအရာ၏ တန်ဖိုးရှိမှုတို့ကြောင့် ကျစ်လစ်သော အထူးပရိတ်သတ်မျိုးကို ဆွဲဆောင်နိုင်လေ့ရှိသည်။
သို့သော် ကျယ်ပြန့် များမြောင်လှသော လူတွေကြားတွင် ဤပြောဟန်မျိုးဖြင့် ပွဲမတိုးနိုင်၊ အောင်မြင်မှု မရနိုင်။
ရှေးခေတ် အနောက်နိုင်ငံများတွင်မူ သည်ပြောဟန်ကို ကြိုက်သူအတော်များခဲ့သည်။ လေ့လာကြည့်ရင် လေးနက်ခမ်းနားမှုနှင့် အာဝဇ္ဖန်းရွှင်မှုတို့ စနစ်တကျ ပေါင်းစပ်ထားခြင်းဖြစ်ကြောင်း တွေ့နိုင်ပါသည်။
သွက်လက်လျင်မြန်မှုကို အလေးထားသော ယခုခေတ်တွင်မူ သည်ပြောဆိုဟန်မှာ တက္ကသိုလ်များရှိ ပညာရပ်ဆိုင်ရာ ဆွေးနွေးဝိုင်းလို နေရာတွေမှလွဲ၍ အခြားနေရာမျိုး၌ အံ့မဝင်တော့ပေ။


၅။ ဆင်ခြေဆင်လက်နှင့် ငြင်းခုံဝေဖန် ပြောဆိုသည့်ဟန်
ရှေ့နေများ၊ နိုင်ငံရေးသမားများ၊ အလုပ်သမား ခေါင်းဆောင်များ အများဆုံး သုံးစွဲလေ့ရှိသည့် ပြောဟန်ဆိုဟန်မျိုး ဖြစ်ပါသည်။
အကျိုးအကြောင်းပြ၍ ပြောသည်။ အားနှင့် အင်နှင့် ဒေါနှင့် မောနှင့် စစ်ပွဲတစ်ပွဲ ဆင်နွှဲနေသလို ပြောသည်။ အထူးသဖြင့် တစ်စုံတစ်ယောက်ကို အပြင်းအထန် ဝေဖန်စွပ်စွဲသည့် နေရာမျိုး၊ အပြတ်အသတ် ပြစ်တင်ရှုတ်ချသည့် နေရာမျိုးတွင် သုံးစွဲလေ့ရှိကြသည်။ စကားပြောသူမှာ စကားလုံးပြောင်သည်။ လှုပ်ရှားတက်ကြွသော ဟန်ပန်ရှိသည်။
ပန်းပဲသမားသည် နီရဲနေအောင် မီးဖုတ်ထားသောသံကို တူဖြင့် တစ်ချက်ချင်းထုကာ ပုံသွင်းသကဲ့သို့ အင်အားကောင်းသော စကားလုံးများဖြင့် ချက်ကျလက်ကျ ပီပီပြင်ပြင် ပြောနိုင်သော စကားပြောသမားသည် လူအများ၏ ခံစားချက်နှင့် အတွေးအမြင်များကို မိမိကြိုက်နှစ်သက်သည့် ပုံစံဝင်အောင် ရိုက်သွင်းနိုင်စွမ်း ရှိကြသည်။


၆။ ပြတ်တောက် ပြတ်တောက် ပြောဟန်
မိမိကိုယ်ကို ယုံကြည်မှု နည်းသူ၊ ကြောက်တတ်သူများ၏ မဝံ့မရဲ ဟန်ပန်တစ်မျိုး ဖြစ်သည်။
တုံ့ဆိုင်း တုံ့ဆိုင်းသမားလို တအင်းအင်း တအဲအဲ မလုပ်သော်လည်း တစ်ကြောင်းပြောပြီး ရပ်လိုက်၊ တစ်ခွန်းပြောပြီး ရပ်လိုက်နှင့် ဆတ်တောက် ဆတ်တောက်ပြောတတ်သည်။
ထိရောက်သော ပြောဆိုနည်းမျိုး မဟုတ်။
ဤပုဂ္ဂိုလ်မျိုးအနေနှင့် စကားကို အလျင်မပြတ်ပြောတတ်အောင် လေ့ကျင့်ပေးသင့်သည်။ အားရှိပါးရှိ အချက်ကျကျ ပြောထားသော မိန့်ခွန်းများကို အသံထွက်ဖတ်ခြင်း၊ ပြောကြည့်ခြင်းများ ပြုလုပ်ပေးရပေမည်။

၇။ အလ္လာပ သလ္လာပ ပြောဆိုဟန် သို့မဟုတ် ရင်းနှီးသော မိတ်ဆွေများနှင့် စကားပြောဆိုဟန်
ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်းနှင့် အမူအရာနည်းစွာ ပြောဆိုသည့် ဟန်ဖြစ်ပါသည်။ ဤဟန်ပန်မှာ စကားပြောဆိုဟန် အားလုံးတို့၏ အခြေခံဟု ဆိုနိုင်သည်။
ဤပြောဟန်ကို အခြေခံ ရှိထားပြီး အခြားပြောဆိုဟန်များကို လိုအပ်တဲ့ နေရာတွေမှာ ထည့်သွင်းပြောဆိုသွားပါက မည်သူ တစ်ဦးတစ်ယောက်နှင့် ပြောသည်ဖြစ်ဖြစ်၊ လူအများကြားတွင် ပြောသည်ဖြစ်ဖြစ်၊ ပါတီပွဲတွင်းပြောသည်ဖြစ်ဖြစ်၊ ဘယ်နေရာမဆို သင့်လျော်သော စကားပြောဟန် ဖြစ်ပါသည်။


ဤသည်တို့ကား လူတစ်ဦးနှင့် တစ်ဦး ကွဲပြားကြသည့် အမျိုးမျိုးသော စကားပြောဟန်များထဲမှ ထင်ရှားသည်တို့ကို စိစစ်တင်ပြခြင်း ဖြစ်ပါသည်။ ယင်းစကားပြောဟန်များကို လေ့လာကာ လက်တွေ့ဘဝတွင် တွေ့ရမည့် စကားပြောကောင်းသူတို့၏ ပြောဟန်ဆိုဟန်တွေကို ဝေဖန်သုံးသပ်ပြီး အတုယူနိုင်လျှင် ဘက်စုံ ပြည့်ဝသည့် လူတစ်ယောက်ဖြစ်ဖို့ အထောက်အပံ့ များစွာရရှိနိုင်ပါပေသည်။




ဆရာဖေမြင့်၏ စကားပြောဟန် အမျိုးမျိုးထဲမှ ကောက်နှုတ် ဖော်ပြခြင်းသာ ဖြစ်ပါသည်။